တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

မြင့်မြတ်သူတို့၏ အလုပ်(၂)

| |


၂။ သီလ ပါရမီ (=Perfection of Virtue)မြင့်မြတ်သူတို့ရဲ့အလုပ်ဖြစ်ဖို့ လူသားအချင်းချင်း ဒုက္ခပေးမယ့် ကိုယ်မှု နှုတ်မှုမကောင်းမှုတွေကို မည်သည့်အခါမှ မပြုသင့်ပါဘူး။ ကိုယ်ကျင့်တရားဆိုတာ ဘ၀ရဲ့တန်ဘိုး ဖြစ်ပါတယ်။ ကိုယ်ကျင့် စည်းကမ်းကောင်းခြင်းဟာ မြင့်မြတ်သူတို့ရဲ့ မြင့်မြတ်တဲ့လုပ်ငန်းအတွက် မရှိမဖြစ်တဲ့ အရင်းအနှီးပါ။
ကိုင်း အခု သီလ ပါရမီ (=Perfection of Virtue)ကို ဥပမာလေးနဲ့ မှတ်ကြည့်ရအောင် စမရီ သားကောင်ဟာ ခြုံ နွယ် ဆူးခက်တွေနဲ့ သူအမြီးဖျား ငြိသွားတဲ့အခါ အသက်သာအသေခံတယ် သူ့အမြီးကိုအပျက်မခံသလိုမျိုး မြင့်မြတ်သူဖြစ်ချင်ရင် အသက်သာအသေခံပါ သီလကိုတော့ အပျက်မခံပါနဲ့လို့ဆိုလိုပါတယ်။မြတ်စွာဘုရားက သီလကိုအဲသလောက်အသက်နဲ့တောင်လဲပြီးတော့ကျင့်သုံးခိုင်းတယ်။ ဘာကြောင့်လဲဆိုတော့ သီလဟာ
 လုံရင် အကျိုးများသလို၊မလုံရင်လဲအပြစ်များလို့ပါ။သီလရှိတဲ့သူဟာ သီလရှိတော့ စိတ်ကြည်တယ်၊ စိတ်ကြည်တော့ ၀မ်းမြောက်၊ ၀မ်းမြောက်တော့ နှစ်သက်၊ နှစ်သက်တော့ ငြိမ်းအေး၊ ငြိမ်းအေးတော့ ချမ်းသာ၊ ချမ်းသာတော့ တည်ကြည်၊ တည်ကြည်တော့ အမြင်မှန်၊ အမြင်မှန်တော့ ငြိးငွေ့၊ ငြီးငွေ့တော့ မဂ်မြင်၊ မဂ်မြင်တော့ ဖိုလ်ရောက်၊ ဖိုလ်ရောက်တော့ နိဗ္ဗာန်ဝင် ဆိုပြီးအကျီုးကျေးဇူးတွေကို အင်္ဂုတ္တိုရ်မှာ မိန့်ကြားထားတော်မူပါတယ်။
တစ်နေ့ ရှင်အာနန္ဒာ တွေးတယ် လောကမှာ လေအောက် လေညာမွှေးတဲ့ ရနံ့များရှိလေမလား?တွေးသာတွေး
ပြီးအဖြေမရတဲ့အခါ မြတ်ဘုရားထံသွားလျှောက်ထားလိုက်တော့ မြတ်စွာဘုရားရှင်က သီလဂန္ဓော အနုတ္တရော= ညီဘွား အာနန္ဒာ သီလရနံ့ဟာ လောကမှာ အမြတ်ဆုံးရနံ့ပါ၊ လေအောက်လေငြာ မွှေးစေတာ
ဟာ သီလရနံ့ပါတဲ့။ နောက် သီလဆိုတာ စောင့်ထိန်းသူများအတွက် ရရှိနိုင်တဲ့ အကျိုး(၅)မျိုးကိုလည်း မြတ်စွာဘုရား မိန့်ကြားထားတာတစ်ခုလည်းရှိပါသေးတယ်၊ အဲဒါတွေကတော့ - - -
၁။ ပစ္စည်းဥစ္စာအစုလိုက် အပြုံလိုက်ရနိုင်တယ်၊
၂။ ကောင်းသတင်းထွက်တယ်၊
ပရိသ်သတ်ထဲသွားရင် မျက်နှာကြည်သာ ကျက်သရေရှိတယ်၊
၎။ ကြည်ကြည်သာသာ သေရတယ်၊
၅။ သုဂတိ-ကောင်းတဲ့ဘုံဌာနရောက်မယ်။
မစောင့်ထိန်းသူတွေမှာတော့ ဒီ(၅)မျိုးကို ပြောင်းပြန်တွေးယူလိုက်ပေါ့၊မျိုးဆက်သစ် အားလုံးဟာ ရှေးသူတော် ကောင်းကြီးများလို အသက်နဲ့သီလ သီလကိုရွေးသလို၊
ပစ္စည်းနဲ့ သီလ သီလကိုရွေးသလို၊
ဂုဏ်သတင်းကျော်စောမှုနဲ့ သီလဆိုရင်လဲ သီလကိုရွေးသလို၊
လူသိများမှုနဲ့ သီလ ဆိုရင်လည်း သီလကိုရွေးချယ်နိုင်တဲ့ မျီုးဆက်သစ်တွေဖြစ်ဖို့အရေးကြီးပါတယ်။ ဒါဆိုရင် အပြင် သယံဇာတ အပြင် ရင်တွင်းသယံဇာတတွေပါ ပေါကြွယ်သူ/နိုင်ငံဖြစ်ပြီပေါ့။
ဒီနေရာမှာ - - -
သီလ စောင့်ထိန်းတိုင်း ပါရမီ ဖြစ်ပါသလား? ဖြစ်/ မဖြစ် လေ့လာကြည့်ကြစို့ - - -
သီလ ဆောက်တည်တဲ့နေရာမှာ-
          ၁။ ကျော်ဇောမှု၊ လူသိများမှုဖြစ်ချင်လို့ လုပ်ရင် ဟီန သီလ။
          ၂။ ကောင်းမှုရဲ့အကျိုးကိုလိုလားပြီးပြုလုပ်ရင်တော့  မဇ္ဈိမ-အလတ်စား။
          ၃။ ဒီအလုပ်ဟာ သူကျိုး ကိုယ့်ကျိုးရှိတဲ့(သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်တဲ့)အလုပ်လို့ သိပြီး လုပ်သင့်လုပ်ထိုက်တယ်လို့ အရိယာတို့၏ သဘောကို အမှီပြုဖြစ်စေအပ်သော သီလဟာ ပဏီတ-အမြတ်ဆုံး ဆိုပြီး (၃)မျိုးရှိတဲ့အထဲမှာ ၁နဲ့၂ သီလဟာ ကုသိုလ်တော့ဖြစ်မယ်၊ ပါရမီ မထိုက်တဲ့သီလတွေပါ။
 ဆရာကြီး ဦးမြင့်ဆွေ(မဟာဝိဇ္ဇာ-လန်ဒန်) ၏ အလင်းပြကျမ်း စာမျက်နှာ(၉)မှာ-သီလပါရမီကိုဖြည့်ကျင့်ရာမှာ လည်း ဘုရားအလောင်းတော်သည် အသက်ကို ပဓာန မထားပဲ မိမိသီလကို မပျက်အောင်စောင့်ထိန်းခဲ့ပေ သည်။ စမ္ပေယျ နဂါးမင်း(ဇာ-၅၀၆)၊ ဘူရိဒတ္တ နဂါးမင်း(ဇာ-၅၄၃) ဘ၀တွေမှာ မိမိ၏ ဥပုသ်သီလကို မကျိုးမပျက်ရအောင် အသက်ကို စွန့်ကာ စောင့်ထိန်းခဲ့၏။ ဘုရားအလောင်းတော်သည် တစ်ခုသောသူရင်းငှါး သူဆင်းရဲဘ၀မှာ(ဇာ-၄၂၁) ညနေအလုပ်မှအပြန် အစာမစားပဲ ဥပုသ်ဆက်စောင့်ရာတွင် အသက်ကုန်သည် အထိ ဥပုသ်ကိုမပျက်အောင်စောင့်ထိန်းသွားခဲ့ပေ၏-လို့ ဆရာကြီးက ရေးသားဖော်ပြထားပါတယ်။
မျိုးဆက်သစ်အားလုံးဟာ အများမဆင်းရဲအောင် စောင့်ရှောက်တဲ့လုပ်ငန်းဖြစ်တဲ့ မြင့်မြတ်သူတို့ရဲ့အလုပ် သီလ တွေကို စောင့်ထိန်းနိုင်ကြပါစေ။
ကျန်းမာပါစေ/၏
အရှင်တိလောက(ဖားအောက်-မန်း)

0 comments:

Post a Comment