တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

မော်လမြိုင် ဖားအောက်တောရဆရာဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၅)

| | 0 comments


၁၃။ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့
       သာသနာတော်ကိုကြည်ညိုလေးစားကြတဲ့ အရှင်မြတ်တွေဟာ သီလကိုစင်ကြယ်အောင် သမာဓိကို ခိုင်မြဲအောင် ပညာကိုတိုးပွားအောင် လုပ်ကြရမှာက သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေရဲ့အလုပ်ပါ။ ဓမ္မကို ဓမ္မ၊ အဓမ္မကို အဓမ္မအဖြစ်ထင်ရှားအောင်ပြဖို့အရေးကြီးတယ်။ အနာဂတ်သာသနာမှာ တာဝန်တွေကိုထမ်းဆောင် ကြမည့် ရှင်ရဟန်းငယ်တွေကို နည်းမှန် လမ်းမှန်သင်ပြပေးဖို့အရးကြီးပါတယ်။

၁၄။ ရွှံ့ညွန်တွင်းက ရွှေကြာပန်းပမာ
          တရားနာ ပရိသတ်တွေနည်းနည်းစဉ်းစားကြည့်ပါ၊ ပရိသတ်တွေဟာ များသောအားဖြင့် ကာမဂုဏ် ခံစားနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။ မိမိတို့ဒီလိုကာမဂုဏ်တွေခံစားခြင်းသည် မိမိတို့အတွက် အကျီုး ဘယ်လောက် ပျက်စီးဆုတ်ယုတ်စေနိုင်တယ်ဆိုတာ သဘောပေါက်ဖို့ သိမ်လိုနေတယ်။ ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့် ကာမဂုဏ်ပဲ ကိုယ်ခံစားတော့ ဘာဖြစ်သလဲ ဆိုတဲ့ ဒီစိတ်ထားမျီုးကိုသိပ်မွေးဖို့မတော်ဘူး။ ဒါတော်တော် လေး သတိရှိဖို့လိုနေတယ်။ ဒီလိုဆိုရင် အရှင်ဘုရား ဘုရားရှင်လက်ထက်အခါက သောတာပန် သကဒါဂါမ် အစရှိတဲ့ သူတော်ကောင်းတွေ အိမ်ထောင် သားမွေးဘ၀နဲ့ သောတာပန် သကဒါဂါမ် ဖြစ်သွားကြတာပဲ မဟုတ် လား? ဒီလို ပုဂ္ဂိုလ်တွေလည်း ကာမဂုဏ်ခံစားကြတာပဲ အဲဒီလိုပုဂ္ဂိုလ်တွေကို လူယုတ်မာတွေလို့ပြောရမလားလို့ မေးစရာရှိတယ်။ ဒီအချက်လေးနဲ့ ပတ်သက်ပြီးတော့ ဘသုန်းကြီးဘက်က နည်းနည်းကလေးတော့ရှင်းပြရန်တာ
ဝန်ရှိလာပါတယ်။ အဲဒီ သူတော်ကောင်းကြီးတွေက သူတို့ ကာမဂုဏ်ခံစားတယ်ဆိုပေမယ့် သူတို့မှာ မွန်မြတ်တဲ့ ကုသိုလ် ဆန္ဒဓာတ်ကလေးတွေ တစ်ဖက်ကကိန်းဝပ်လျှက်ရှိကြပါတယ်။ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင် မြတ်နိုးမှု တဏှာ ပေမတရားထင်းရှားရှိနေကြသော်လည်း သမထဘာဝနာ ကုသိုလ် ၀ိပဿနာ ဘာဝနာကုသိုလ် မဂ်ကုသိုလ်ဆိုတဲ့ ဒီလို အဆင့်အတန်းမြင့်နေတဲ့ ကုသိုလ်တွေရဲ့ အကူအညီကိုရခဲ့မယ် ဆိုလျှင်တော့ တစ်ဦးအပေါ် တစ်ဦး ချင်ခင်မြတ်နိုးမှုဆိုတဲ့ ဒီ တဏှာ ပေမ တရားက အဲဒီ သူတော်ကောင်း တွေကို အပါယ်သို့ပစ်ချနိုင်လောက်အောင် စွမ်းအားမရှိကြတော့ပါဘူး။
          ဥပမာ-ကျောက်ခဲ တစ်ခဲဆိုကြပါစို့ ကျောက်ခဲချည်း သက်သက် ရေထဲသို့ ပစ်ချလိုက်မယ်ဆိုလျှင်တော့ အဲဒီ ကျောက်ခဲဟာ ရေထဲမှာ နစ်မြုပ်သွားမှာပါ၊ ဒါပေမယ့်- အဲဒီကျောက်ခဲကို ရေထဲသို့ ပစ်မချပဲ လှေပေါ်တင် ပြီးတော့ သွားမယ်ဆိုရင်တော့ ဒီကျောက်ခဲဟာ ရေထဲမှာ နစ်မြုပ်ပြီးတော့ မသွားတော့ဘူး။ လေ၏အလိုကျ အတိုင်း လှေသွားတဲ့နေရာကို လှေပေါ်ကနေပြီးတော့လိုက်ပါသွားရတယ်။ အဲဒီ ဥပမာအတိုင်းပဲ လှေနှင့်တူတဲ့ အလွန်အဆင့်အတန်းမြင့်နေတဲ့ သမထ ၀ိပဿနာ မဂ်ကုသိုလ်တွေ၏ အကူအညီကိုရနေတဲ့  ကျောက်ခဲနှင့် တူနေတဲ့ တစ်ဦးအပေါ်တစ်ဦး ချင်ခင်မြတ်နိုးမှု တဏှာ ပေမ တရားဟာလည်း အားကောင်းတဲ့ ကုသိုလ်၏ အလိုကျအတိုင်းပဲ လိုက်ပါသွားရတယ်။

မော်လမြိုင် ဖားအောက်တောရဆရာဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၄)

| | 0 comments

၁၀။ ကိုယ်စိုက်တဲ့အတိုင်း ရိတ်သိမ်းရတာပါ
ချမ်းသာသုခကိုလိုလားတောင့်နေတဲ့ သတ္တ၀ါတွေကို ဆင်းရဲ ဒုက္ခရောက်အောင်ပြုလုပ်ခဲ့မိတယ်။
ဒီလိုဆလျှင် သတ္တ၀ါအချင်းချင်း အခုလိုယှဉ်တွဲပြီး နေထိုင်တဲ့ အချိန်မှာ ချမ်းသာသုခကိုလိုလားတောင့်တ နေတဲ့ သတ္တ၀ါတွေကို ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းဖြစ်အောင် အပြုလုပ်ကောင်းပါဘူး။ ဒီအချက်ကို သတိရှိ
ကြပါ။ မိမိရဲ့တစ်ဘ၀စာ တနပ်စာလေးအတွက်ရည်ရွယ်တောင့်တပြီးတော့ တစ်ဖက်သားတွေကို စိတ်ဆင်းရဲ ခြင်းဖြစ်အောင်ပြုလုပ်ခြင်းသည် မိမိဆင်းရဲဖို့ အကြောင်းဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။

၁၁။ ခိုင်မြဲသော စိတ်ဓာတ်
          သူတော်ကောင်းဆိုတာ သူတော်ကောင်းစိတ်ဓာတ်ကိုအမြဲတမ်းခိုင်ခိုင်မာမာဆောက်တည်
ထားရမယ်။ ပညာရဖို့ကလွယ်တယ် နည်းလမ်းရဖို့ခက်တယ်။ တရားလိုချင်လို့ တရားလာအားထုတ်
ကြတဲ့သူတွေဟာ မိမိရဲ့ လက်နှစ်လုံးလောက်ရှိတဲ့ ပါးစပ်ကလေးကို ပိတ်ထားနိုင်ခဲ့ရင်
တရားပြည့်ဝနိုင်ပါတယ်။

၁၂။ မြင့်မြတ်သူတို့၏ မြဲသော ဒါန၀တ်
ဒါနတစ်ခုပြုစဉ်အချိန်အခါမှာ နိစ္စဘတ်ဝတ်ကလေးတစ်ခုထားပြီး ပြုတာပိုကောင်းတယ်။ ဥပမာ အိမ်မှာ ကိုးကွယ်ဆည်းကပ်ထားတဲ့ မြတ်စွာဘုရားကို သောက်တော်ရေ၊ ဆွမ်း ဆီမီး ကပ်လှူပူဇော်မယ်ဆိုရင် နေ့စဉ်မပျက်စေရဘူး။ ဒီ ဘုန်းကြီးကြိုက်တာပြောမယ်နော်-မလှူနီုင်သေးရင် မလှူပါနဲ့ လှူဒါန်းနိုင်ရင်တော့ တစ်လတစ်ခါလောက်ဖြစ်စေ ၀၀လှူပါ။ နတ်တင်သလို မျက်ချေးလောက်သွားလှူရင် ဘယ်ကောင်းမလဲ၊ ဘုရား လည်း ဘယ်ဝမလဲ? အမြဲမလှူနိုင်တောင်မှ တစ်လတ်ကြိမ်ဖြစ်ဖြစ် ငါဟာ မြတ်စွာဘုရားကို ၀အောင်ဆွမ်းလှူမယ်ဆိုပြီးတော့ ဆက်ကပ်လှူဒါန်းတာပိုကောင်းပါတယ်။ သို့သော် လစဉ် လှူဒါန်းရင်လည်း အမြဲမပြတ်လှူဒါန်းနေတဲ့အလှူဒါနပါ၊ သို့မဟုတ် နှစ်စဉ်လှူမယ်ဆိုရင်လည်း ဒါ အမြဲမပြတ်လှူနေတဲ့ အလှူဒါနပါ၊ သိပ်ခဲယဉ်းတဲ့အလုပ်တွေမဟုတ်ဘူးနော်-ဒီလို နိစ္စဘတ် ၀တ်ကလေးထားပြီးလှူဒါန်းပူဇော်နေတဲ့ အလှူဒါနလုပ်ငန်းခွင်ကို စိတ်ဝင်စားမှုရှိစေချင်လို့ပြောနေတာပါ။

မော်လမြိုင် ဖားအောက်တောရဆရာဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၃)

| | 0 comments


၇။ ဈာန်၏ အာနုဘော်
          ဗြဟ္မာပြည်ဆိုတာ မိန်းမလည်းမရှိ၊ ယောက်ျားလည်းမရှိတော့ လင်မယားချင်းရန်ဖြစ်ရတဲ့ပြဿ
နာတွေ ရော ရှိဦးမလား?မရှိတော့ဘူး။ သားရေးသမီးရေးအတွက်ပူပန်ရတဲ့ ဒုက္ခတွေလည်းမရှိတော့ဘူး။     ဘယ့်နှယ် တုန်း၊ ဒကာ/မကြီးတွေမကောင်းဘူးလား? လင်မယားချင်းရန်မဖြစ်ချင်ဘူး၊ သား သမီးတွေအတွက် ပူပန်မှူတွေ လည်း ကင်းချင်တယ်ဆိုရင်တော့ ပ၀ိဝေက သုခ လို့ခေါ်တဲ့ နီဝရဏတရား ကင်းဆိတ်ခြင်းကြောင့် ထင်ရှားဖြစ်ပေါ်လာရတဲ့ လောကီဈာန် လောကုတ္တရာ ဈာန်ပီတိတွေကို ၀င်စားပြီး
 နေနိုင်အောင်ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်ကြပါ သာသနာတော်နှင့် တွေ့ခိုက်မှာသာရရှိနိုင်တဲ့ အခွင့်အလမ်း ဖြစ်ကြပတယ်။
၈။ ဓမ္မကို ရှေ့တန်းတင်မှ ဘ၀အောင်မြင်မည်
          လောကမှာ ဓမ္မ နှင့် အဓမ္မဆိုပြီးတော့ လမ်းကြောင်း (၂)ခုကို မြတ်စွာဘုရားရှင်ကဟောကြားခဲ့
ပါတယ်။ လောကမှာ အောင်မြင်ချင်တယ်ဆိုရင်တော့ ဓမ္မဆိုတဲ့ သုတ္တန် ၀ိနည်း အဘိဓမ္မာလမ်းကြောင်း
အတိုင်း ဆောင် ရွက်တတ်ဖို့လိုပါတယ်။
          အဓမ္မဆိုတဲ့ မသမာမှုတွေကိုလည်း ရှောင်ရှားတတ်ဖို့လိုပါတယ်။ အဲဒီလို ဓမ္မဆိုတဲ့လမ်းကြောင်းပေါ် ကနေ သွားတဲ့အပိုင်းမှာ တစ်ဦးနှင့်တစ်ဦး ကာယကံ မေတ္တာ ၀စီကံ မေတ္တာ မနောကံ မေတ္တာရှိဖို့လိုပါတယ်။ ဒီလို မေတ္တာရှိရမယ့် အပိုင်းမှာ ဘုရားရှင်က အာဝိစေ၀ ရဟောစ=မျက်မှောက် မျက်ကွယ် နှစ်သွယ်လုံးမှာ
 မေတ္တာထားရှိဖို့ကို အတော်ခပ်များများ နေရာတွေမှာ ဆုံးမထားခဲပပါတယ်။
၉။ စည်းလုံးချင်းသည် အင်အား
          အားလုံးသော ပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားရှင်ထူထောင်ထားတဲ့သာသနာတော်လို့ ခေါ်ဆိုတဲ့ အဆုံး အမအောက်မှာ တစ်ဦးတစ်ယောက် တစ်ဖွဲ့ဆိုတဲ့ အယူအစွဲတွေ မထားကြဘဲ လူသားတွေအားလုံး သတ္တ၀ါတွေ အားလုံးအတွက်ဆိုတဲ့ စိတ်ထားမွေးမြူကြစေချင်တယ်၊ ချီးမွမ်းသင့်တဲ့အရာမှာ ချီးမွမ်း၊
 ဖေးမသင့်တဲ့အရာမှာဖေးမပြီး တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်ပြီး သွားလိုက်ကြမယ်ဆိုရင်တော့ လည်ပတ်နေပြီဖြစ်တဲ့ ဖားအောက်တောရ တရားရိပ်သာရဲ့လုပ်ငန်းစဉ်တွေဟာ ဆက်ထက်ထမ်းပိုး
လည်ပတ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုလည်ပတ်နေပါမှလည်း မှီခိုအားထားရာ လဲလျောင်းရာအစစ်ဖြစ်တော်
မူတဲ့ ဘုရားအဆုံးအမသာသနာတော်မှာ သီလ သမာဓိ ပညာ သိက္ခာ သုံးရပ်အကျင့်မြတ်တို့ကို ကျင့်ကြံကျီုးကုတ်
အားထုတ်လိုတဲ့ သူတော် ကောင်းတို့အတွက် ပဋိဝေဓသို့ဆိုက်သည့်တိုင်အောင် ကျင့်ကြံအားထုတ်နိုင်တဲ့ အခွင့်အလမ်း ဌာနကြီးတစ်ခု ဟာ လောကအလယ်မှာ နှစ်ပေါင်း ရှည်ကြာတည်တံ့နေမှာ ဖြစ်ပါတယ်။

မော်လမြိုင် ဖားအောက်တောရဆရာဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၂)

| | 0 comments

၎။ နှုတ်ရဲ့အလှ
          မွေးလာတဲ့ ယောက်ျားရဲ့ပါးစပ်ထဲမှာ ဓာမကြီးတစ်လက်ပါလာတယ်။ ယင်းဓားမကြီးဖြင့် လူမိုက်
သည် မကောင်းပြောပြီး မိမိကိုယ်ကိုယ်ကိုယ်မိမိပိုင်းဖြတ်တတ်တယ်တဲ့၊ ဒကာကြီးတွေ ဒကာမကြီးတွေ
ရဲ့ပါးစပ်ထဲမှာ ဓားမတစ်လက်မပါဘူးလား? ပါပါတယ်။ ဒီဓာမက အသုံးချတတ်ရင်တော့ အကျိုးကျေးဇူး
ရှိပါတယ်၊ အသုံးမချတတ်ရင်တော့ ဒီဓာမသည် ဘာဖြစ်တတ်သလဲ? မိမိကိုယ်ကို မိမိပိုင်းဖြတ်သွားတတ်
တယ်တဲ့၊ ဒါကို သတိထားကြ၊ အခုလိုအများနဲ့ စုပေါင်းနေထိုင်တဲ့အချိန်အခါမျိုးမှာ ပိုပြီးတော့အရေးကြီး
တယ်။ တစ်ဦးနဲ့တစ်ဦး စိတ်ကလေး ချမ်းသာသွားအောင် ကာယကံမေတ္တာနဲ့ စကားပြောဖို့လိုတယ်။ ၀စီကံ
နဲ့စကားပြောတတ်ဖို့လိုတယ်၊ မနောကံ မေတ္တာ အပြည့်အ၀နဲ့ စကားပြောတတ်ဖို့လိုအပ်ပါတ်။

၅။ ၀နှစ်လုံးပူး ထဆင်ထူး
           ဆရာတော်တစ်ပါးအမိန့်ရှိတဲ့ ဒကာလေးတစ်ယောက်အကြောင်းကိုပြောဦးမယ်။ ဘုန်းကြီးတို့နဲ့
 တောထဲမှာ အတူနေဖူးတဲ့ဆရာတော်တစ်ပါးကသူ့တပည့်ကလေးတစ်ယောက်အကြောင်းကို ပြောပြ
ဖူးတယ်၊ ဒီတပည့်ကလေးတစ်ယောက်က စိတ်ကောင်းကောင်းမနှံ့သလိုဖြစ်နေတယ်။     တစ်နေ့မှာ သူ့ဆရာတော်ကိုလျှောက်တယ်၊ ဆရာတော် လူတွေက တပည့်တော်ကို အရူး အရူးလို့ပြောနေကြတယ်။ သူတို့ကတော့ မရူးသလိုဘဲ မြတ်စွာဘုရားကတော့ ပုထုဇ္ဇနော ဥမ္မတ္တကော=ပုထုဇဉ်မှန်သမျှ အကုန်အရူး
ချည်း ပဲလို့ဟောထားတာပါ။ တပည့်တော်ကိုသာ အရူးလို့ပြောပြီး သူတို့ကတော့ မရူးသလိုဘဲ အမှန်မှာတော့ မထူးပါဘူး အတူတူချည်းပါပဲ ၀နှစ်လုံးကိုဆက်လိုက်ရင် ထဆင်ထူးချည်းဖြစ်တာပါပဲ။ ဒီလိုသူကလျှောက်တယ်၊ မှန်တယ် . . . ၀နှစ်လုံးကိုဆက်လိုက်ရင် ထဆင်ထူးချည်းဖြစ်တာပဲ မစင်ထုပ်ကြီးကိုထမ်းပြီး သံသရာမှာ လမ်းသလားနေသူတွေချည်းမဟုတ်လား ?

၆။ ဘယ်ပန်းချီရေးလို့မမှီ
          ကံတွေကိုတည်ထောင်ဖန်ဆင်းနေတဲ့အချိန်အခါကလေးမှာ မိမိတို့ရဲ့ တည်ထောင်ဖန်ဆင်းမှုက မကျွမ်းကျင် မလိမ္မာလို့ စိတ်ထားတွေက အင်မတန်ညံ့ဖျင်းနေလို့ရှိရင် နောင်တစ်ချိန်ဘ၀တစ်ခုလို့ခေါ်ဆို အပ်တဲ့ ပန်းချီကားချပ်ထဲမှာ ပေါ်လာမဲ့ရုပ်ပုံတွေက ဘယ်လိုရုပ်ပုံတွေဖြစ်မလဲ? အင်မတန်အကျည်းတန် အရုပ် ဆိုးတဲ့ ပုံစံကလေးတွေပေါ်လာနိုင်တယ်။
          ကံထူထောင်ခဲ့စဉ်တစ်ချိန်က   ကျွမ်းကျွမ်းကျင်ကျင် လိမ်လိမ်မာမာနဲ့ မိမိတို့က ရေးဆွဲနီုင်ခဲ့မယ်ဆိုရင် တော့ ဘာဖြစ်မလဲ? ဘ၀ဇာတ်ခုံလို့ခေါ်ဆိုအပ်တဲ့ ပိတ်ကားချပ်ပေါ်မှာ အင်မတန်ချောမော လှပနေတဲ့ အမျိုးသမီး/သား ရုပ်ပုံကလေးတွေ ပေါ်လာနိုင်တယ်။

မော်လမြိုင် ဖားအောက်တောရဆရာဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ

| | 0 comments

၁။ ကျေးဇူးတင်သင့်သော အမေ
          အကယ်၍သာ ယသောဓရာသည် ဘုန်းကြီးတို့ ဂေါတမဘုရားလောင်းတော်ဖြစ်တဲ့ သုမေဓာရှင်ရသေ့ ကို အခုလိုဝိုင်းပြီးတော့ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း အချိန်ကာလပါတ်လုံး ပါရမီတွေ အဖြည့်ခဲ့ဘူးဆိုလျှင် ဘုန်းကြီးတို့ ဘုရားအလောင်းတော်လည်း ပါရမီတွေစုံညီတဲ့အဆင့်မရောက်နိုင်ပါဘူး၊ ဒါကြောင့် မြတ်စွာဘုရား ရှင်ကို ဖခင်အဖြစ်နဲ့လက်ခံနိုင်မယ်ဆိုလျှင် ယသောဓရာကိုလည်း မိခင်အဖြစ်နဲ့လက်ခံဖို့ရန် သိပ်ပြီးတော့ဝန်လေးဖွယ်တော့မရှိပါဘူး။ ကျေးဇူးတင်ထိုက်ပါတယ်။ သဗ္ဗညုတဥာဏ်ရရှိရေးအတွက် ၀ိုင်းဝန်း ပြီး ပါရမီတွေဖြည့်မယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် တကယ်လည်း လက်တွေ့ပါရမီဖြည့်ခဲ့တဲ့ သူတော်ကောင်းကြီး
တွေ ဖြစ်ကြပါတယ်။

၂။ တစ်ကိုယ်ကောင်းစိတ်မထားသင့်
          အများနဲ့အလုပ်လုပ်တဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိကြပါ။ ဘာကြောင့်လည်းဆိုတော့ တစ်ဦး တစ်ယောက်တည်းနဲ့ ဘယ်လိုမှ မလည်ပတ်နိုင်တဲ့ ကြီးမားလှတဲ့ သာသနာတော်ကြီးရဲ့တာဝန်တွေကို ထမ်း ဆောင်နေကြတဲ့သူများပီပီ တစ်ပါးကိုတစ်ပါး လေးစားဖို့လိုပါတယ်။ ငယ်တဲ့သူအများစုဟာ ကြီးတဲ့သူတွေကို လေးစားပြီးသားဖြစ်ပါတယ်။ ကြီးတဲ့သူများဘက်ကလည်း ငယ်တဲ့သူတွေကိုလေးစားစွာပြောဆိုဆက်ဆံမယ်
ဆိုရင် ရှိပြီးသားလေးစားကြည်ညိုမှုဟာ ပိုပြီးတိုးလာမှာဖြစ်ပါတယ်။

၃။ မြင့်မြတ်သူတို့ရဲ့ မှတ်ကျောက်ဟာ ဘာလဲ?
           
မိမိတို့ရဲ့မြင့်မြတ်မှုကို မိမိတို့ရဲ့ အပြုအမူ အပြောအဆိုတွေက သတ်မှတ်ကြသလို နိမ့်ကျတဲ့စိတ်ဓာတ် တွေကိုလည်း မိမိတို့ရဲ့ အပြုအမူအပြောအဆိုကဖော်ပြသတ်မှတ်ပေးနေကြတာပါ။ ဒါကြောင့်မိမိတို့ရဲ့အပြုအမူ အပြောအဆို အနေအထိုင်တွေနဲ့ပြသကြစမ်းပါ။

စာဖြေခန်းမှ ဆရာတော် ကဗျာ

| | 0 comments

၁။ အသံ တိတ်တိတ်၊ ညိမ်ဆိတ်ဆိတ်၊
ကြိတ်မှိတ်ဖြေတော်မူကြပါဘုရား။

၂။ ရိုးရိုးသားသား၊ ကြိုးကြိုးစား၊
များများ ဖြေတော်မူကြပါဘုရား။

၃။ တစ်နှစ်တစ်တမ်း၊ စစ်စခန်း၊
တစ်ဂဏန်းရအောင်ဖြေတော်မူကြပါ ဘုရား။

မြင့်မြတ်သူတို့၏ အလုပ်

| | 0 comments

မြင့်မြတ်သူတို့၏ အလုပ်ဆိုတာ ဘာလဲ၊ ဒီအပိုင်းလေးကိုမပြောသေးမှီ လူတိုင်းလူတိုင်းဟာ အလုပ်
တွေကိုယ်စီကိုယ်စီပြုလုပ်ဆောင်ရွက်ကြတဲ့အပိုင်းမှာ လူတချို့ကတော့`` မမြတ်ချင်နေပါ မြင့်ဖို့ကအရေး
ကြီးတယ်တဲ့၊ တချို့ကတော့ မမြင့်ချင်နေပါ မြတ်ဖို့ကအရေးကြီးတယ်တဲ့၊ စာဖတ်သူရော ဘယ်လိုစဉ်းစား
မိပါသလဲ။ အဓိက ကတော့ အလုပ်တစ်ခုဟာ မြင့်မြတ်တဲ့အလုပ်ဖြစ်ဖို့ နဲ့ မမြင့်သော်လည်း မြတ်ဖို့ လိုပါတယ်။
ဒီနေရာမှာ မြင့်မြတ်တဲ့အလုပ်ဆိုတာဘာလဲဆိုတော့ ပါဠိစာပေမှာ ပါရမီ(Perfecting) ဆိုတဲ့အသုံး
နှုံးတစ်ခုရှိပါတယ်၊ ပါရမီ ရဲ့ အဓိပ္ပါယ်တွေများစွာရှိတဲ့အထဲက လက်တွေ့ဘ၀အတွက် အသုံးအကျဆုံး
(၁)ခုလောက်ကိုလေ့လာ ကြည့်ရအောင်။
ပါရမီ= မြင့်မြတ်သူတို့ရဲ့အလုပ်။မြင့်မြတ်သူဖြစ်ကြောင်းအလုပ်။
ရထားတဲ့ ဘ၀ရဲ့အချိန်ဆိုတာ အရမ်းကိုတိုတောင်းလှပါတယ်၊ မြင့်မြတ်သူဖြစ်ဖို့ မြင့်မြတ်တဲ့အလုပ်တွေ
ကိုလုပ်ဖြစ်ဖို့တော့လိုလာပါတယ်။
မြင့်မြတ်သူဖြစ်ဖို့ မြင့်မြင့်မြတ်တဲ့ ကျင့်စဉ်ကြီး(၁၀)ခု မြတ်စွာဘုရား မိန့်ကြားထားခဲ့ပါတယ်။
၁။ ဒါနပါရမီ=Perfecting of Generosity or Giving.
ဥပမာလေးနဲ့မှတ်ကြည့်ရအောင် ရေပြည့်အိုးကို မှောက်ထားလိုက်တဲ့အခါ ထွက်ကျသွားတဲ့ ရေကို ငဲ့ကွက်မှုမပြု /မရှိသလိုမျိုး ပေးကမ်း လှူဒါန်း စွန့်လွှတ်မှုကိုပြုရမယ်တဲ့။
ခက်တော့အခက်သားပဲ လူ့စိတ်ဆိုတာက ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုဟာ ဘယ်လို ပြန်လည်တုံ့ပြန်နိုင်
သလဲ၊ ဘယ်လိုလေးပြရရင်ကောင်းမှာ စသည်ဖြင့် အမျှော် အခေါ်လေးတွေနဲ့ ကူညီမှု လှူဒါန်းမှုစသည်ပြုလုပ် မိတတ်ပါတယ်။
ဒါန ဆိုရင် လူတိုင်းနီးပါးရင်းနှီးထားပြီးသားပါ။ဒါန အမျိုးအစားများစွာရှိတဲ့အထဲက သိသင့်တာလေး
တွေကိုရွေးခြယ်ပြောပြပါမယ်။
၁။ အဇ္ဈတ္တိက ဒါန၊ ဗာဟိရ ဒါန=ကိုယ်တွင်းအလှူနဲ့ ပြင်ပအသုံးအဆောင်အလှူ၊ ဒီ(၂)ထဲမှာ ဗာဟိရဒါန ကိုယ်ပ အလှူထက် အဇ္ဈတ္တိက ကိုယ်တွင်းအလှူ( သွေး၊ မျက်စေ့၊ ကျောက်ကပ်စသည်)က ပိုမြတ်ပါတယ်။
၂။ အာမိသ ဒါန၊ ဓမ္မ ဒါန=ပစ္စည်းအလှူနဲ့ တရားအလှူ။ ဒီ(၂)ထဲမှာလဲ ပစ္စည်းအလှူထက် တရားအလှူက ပိုမြတ်ပါတယ်။
၃။ ပုဂ္ဂလိက ဒါန၊ သံဃိက ဒါန၊ ဒီ(၂)ခုထဲမှာလဲ သံဃိက ဒါန က ပိုမြတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သံဃိက ဒါန ဟာ အစွဲကင်းတယ်၊ သံယောဇဉ်မပါဘူး။
၎။ ဒါသ ဒါန၊ သာမိက ဒါန=ကျွန်အလှူ နဲ့ သခင်အလှူ။ ကျွန်အလှူထက် သခင်အလှူကပိုမြတ်ပါတယ်။
၅။ သာဝဇ္ဇ ဒါန၊ အန၀ဇ္ဇ ဒါန= အပြစ်မကင်းတဲ့ အလှူ နဲ့ အပြစ်ကင်းတဲ့အလှူ။
အပြစ်မကင်းတဲ့အလှူဆိုတာ ဆိုပါစို့ အလှူပွဲတစ်ခုလုပ်တော့မယ် ကြက် ၀က် ဘယ်နှစ်ကောင်စသည် သူတပါးအသက်နဲ့မကင်းတဲ့အလှူမျိုးပေါ့၊ သတိထားကြည့် ကိုယ့်ဝန်းကျင်မှာ အပြစ်မကင်းတဲ့အလုပ်တွေနဲ့ ကြီးပွားတိုးတက်နေကြတဲ့ သူတွေရှိတတ်ပါတယ်။အပြစ်မကင်းတဲ့အလုပ်နဲ့မှ စီးပွားတက်တယ်၊ အပြစ်ကင်းတဲ့ အလုပ်ပြောင်းလုပ်ကြည့်တော့ စီးပွားကအဆင်မပြေ၊ ဘာကြောင့်လဲဆိုတော့ အလှူလုပ်စဉ်က အပြစ်မကင်းတဲ့ အလှူလုပ်ခဲ့လို့ပါ။အပြစ်မကင်းတဲ့ အလှူထက် အပြစ်ကင်းတဲ့အလှူက ပိုမြတ်ပါတယ်။ ကိုယ့်အလှူပွဲဟာအပြစ်ကင်းတဲ့အလှူပွဲဖြစ်ပါစေ၊
ပေးလှူတိုင်း ဒါန ပါရမီ ဖြစ်ပါသလား? ပေးလှူတိုင်း ဒါနပါရမီ မဖြစ်နိုင်ပါ၊
ပေးလှူတဲ့နေရာမှာ-
၁။ ကျော်ဇောမှု၊ လူသိများမှုဖြစ်ချင်လို့ အလှူပွဲပြုလုပ်ရင် ဟီန-ယုတ်ညံ့တဲ့အလှူ။
၂။ အကျိုးကိုလိုလားပြီးအလှူပြုလုပ်ရင်တော့ မဇ္ဈိမ-အလတ်စား အလှူ။
၃။ ဒီအလုပ်ဟာ သူကျိုး ကိုယ့်ကျိုးရှိတဲ့အလုပ်လို့ သိပြီး လုပ်သင့်လုပ်ထိုက်တယ်လို့ အရိယာတို့၏ သဘောကို အမှီပြုဖြစ်စေအပ်သော အလှူဟာ ပဏီတ-အမြတ်ဆုံးအလှူ ဆိုပြီး (၃)မျိုးရှိတဲ့အထဲမှာ ၁နဲ့၂အလှူဟာ ကုသိုလ်တော့ဖြစ်မယ်၊ ပါရမီ မထိုက်တဲ့အလှူတွေပါ၊ ဒါကြောင့် ဘယ်လိုလုပ်ရင် ပါရမီထိုက်တယ် မထိုက်ဘူးဆိုတာ ရိပ်မိလောက်ပါပြီ။ဘာကြောင့်ဒါတွေရေးရသလဲဆိုရင် အဆင်မတတ်တော့ ဆန်းလျှက်မလှ၊အငင်မတတ်တော့ ပန်းလျှက်မရ ဆိုတာမျိုးဖြစ်မှာစိုးလို့ပါ။
ကျန်းမာပါစေ/၏
အရှင်တိလောက(ဖားအောက်-မန်း)
| | 0 comments

သုခီ အတ္တာနံ ပရိဟရန္တု