တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

မော်လမြိုင် ဖားအောက်တောရဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၁၁)

| | 0 comments


၂၈။ စိတ်ကြည်လင်မှ ရုပ်သွင်လှ
          မိမိက ရွှေအဆင်းနဲ့တူတဲ့အဆင်းဖြစ်ချင်တယ်ဆိုရင်တော့ ဘာလုပ်ရမလဲ? စိတ်ထားဖြူဖြူစင်စင်နဲ့ ဘုရားရှင်ရဲ့တရားစကားတွေကို တစ်ဘက်သားအား သွန်သင်ပြသ ဆိုဆုံးမပေးဖို့လိုတယ်။ ဟောကြားပြသပေး ဖို့လိုတယ်။
          မကောင်းတဲ့အနံ့အသက်တွေကိုအလိုမရှိခဲ့ဘူးဆိုရင် ဘာဖြစ်ရမလဲ? သူတစ်ပါးတွေကို ကြမ်းတမ်း ခက်ထန်နေတဲ့စကားမျိုး နားမ၀င်နိုင်လောက်တဲ့စကားမျီုးတွေကို ပြောကြားရမလား? မပြောကြားသင့်ဘူး။ ဒီတော့ သိမ်မွေ့ နူးညံ့နေတဲ့ စကား တစ်ခွန်းဖြစ်လာရေးအတွက် အခြေခံအကြောင်းရင်းက ဘာလဲ? သိမ်မွေ့ နူးညံ့နေတဲ့ စိတ်ထားဖြစ်ပါတယ်။
နူးညံ့သိမ်မွေ့တဲ့စိတ်ဓာတ်ကြောင့် နူးညံ့သိမ်မွေ့တဲ့ စကားတွေက ဖြစ်ပေါ်လာမှာ။ ဒီတော့ မိမိတို့ရဲ့ စိတ် ဓာတ်ကို ပြုပြင်ပြောင်းလဲပေးဖို့ မလိုအပ်ဘူးလား? လိုအပ်နေတယ်။                                   မိမိတို့ကိုယ်တိုင် ရေးဆွဲလိုက်တဲ့ ပန်းချီကားတစ်ချပ်ပါ။

၂၉။ မပြောမဖြစ်လို့ ပြောကြရာဝယ်
          မိမိသန္တာန်မှာ ငါးမျိုးသောတရားတို့ကိုရှေးရှုတည်စေပြီးမှ- - -
၁။ ကာလေန ၀က္ခာမိ=ပြောသင့်တဲ့သောအချိန်အခါမှာသာ ပြောဆိုအံ့။
    နော အကာလေန=မပြောသင့်သော အချိန်အခါမှာ မပြောဆိုအံ့။
          ၂။ ဘူတေန ၀က္ခာမိ=အမှန်စကားဖြင့် ပြောဆိုအံ့။
              နော အဘူတေန=မမှန်သော စကားဖြင့် မပြောဆိုအံ့။
          ၃။ သဏှေန ၀က္ခာမိ=သိမ်မွေ့သော စကားဖြင့် ပြောဆိုအံ့။
              နော ဖရုသေန=ကြမ်းတမ်းသော စကားဖြင့် မပြောဆိုအံ့။
          ၄။ အတ္ထသံဟိတေန ၀က္ခာမိ=အကျီုးစီးပွားနှင့် ယှဉ်သည့်စကားဖြင့်သာပြောဆိုအံ့။
              နော အနတ္ထသံဟိတေန=အကျိုးစီးပွားနှင့် မယှဉ်သည့်စကားဖြင့် မပြောဆိုအံ့။
          ၅။ မေတ္တစိတ္တော ၀က္ခာမိ= မေတ္တာစိတ်ရှိလျှက်ပြောဆိုအံ့။
              နော ဒေါသန္တရော=ဒေါသစိတ်ဖြင့် မပြောဆိုအံ့။
          ဤသို့လျှင်ထိုမှာဘက်ကမ်းသို့ရောက်အောင်ပို့ဆောင်တတ်သောဖောင်နှင့်သဘာဝချင်းတူညီသောတရားမှာ ရပ်တည်နေသောစိတ်ဓာတ်ဖြင့် သာသနာတော်မှာနေထိုင်ပါ။ (သံ၊ ဋ္ဌ၊ ၃၊ ၇၃/၇၄)။

မော်လမြိုင် ဖားအောက်တောရဆရာတော်ဘုရားကြီးမိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၁၁)

| | 0 comments


၂၆။ မျက်မြင်တွေ့နေရသော ငရဲ
          တိရစ္ဆာန်ဘုံနဲ့ လူ့ဘုံဆိုပြီးတော့ ဘ၀ကွာဟချက်ရှိနေတယ်။ ဘုံဘ၀ကွာခြားမှုရှိရင် စိတ်ဓာတ်ချင်းတွေ လဲ ကွာခြားမှုရှိနိုင်တယ်။ ခွေးတွေတစ်ကောင်နဲ့ တစ်ကောင်မြင်ခဲ့မယ်ဆိုရင် သွားဖြဲပြီးပြသလို ဘယ့်နှယ်တုန်း? လူတွေမှာရော ဒီလိုစိတ်ထားမျီုးရှိကြမလား? မရှိကြဘူး။
          လူနဲ့တိရစ္ဆာန်ကွာခြားတဲ့အတွက် စိတ်ဓာတ်ချင်းတွေကွာဟမှုရှိနေကြတယ်။ ခွေးတွေဟာ အစာကို လုယက်စားကြသလို ယောဂီတွေမှာရော ဒီလို လုယက်စားမယ်ဆိုတဲ့ စိတ်ထားမျီုးမရှိကြပါဘူး။
          ဒါကြောင့် ဘုံ ဘ၀ကွာခြားမှုရှိခဲ့ရင်လည်း စိတ်ဓာတ်တွေ ကွာခြားမှုရှိနိုင်ပါတယ်။
                                                                     
၂၇။ မြတ်စွာဘုရား၏ ယသဘုန်းတော်
          
 ဘုန်းကြီးတို့ရဲ့ဂေါတမမြတ်စွာဘုရားကို ကြည့်ပေါ့၊ ဒီနေ့ လူသားဘ၀ လူ့လောကကိုပြန်ပြီးဆန်းစစ် ကြည့်မယ်ဆိုရင် သာသနာတော်(၂၅၀၀)ကျော်ခဲ့ပြီးဖြစ်သော အေဒီ(၂၅၀၀)အတွင်းမှာ ဘုန်းကြီးတို့ မြတ်စွာ ဘုရားရှင်ကဲ့သို့  ဂုဏ်သတင်းတွေ ဗြဟ္မာဘုံတိုင်အောင် ပြန့်နှံ့ကျော်ကြားနေတဲ့ ပုဂ္ဂိုလ်ဆိုတာ မရှိပါဘူး။ ဘာကိုအခြေစိုက်တာလဲ? လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီတွေကိုဖြည့်ကျင့်ပြီးတော့ သဗ္ဗညုတ ဥာဏ်ကို ရအောင်ယူခဲ့တဲ့ ကံတွေအပေါ်မှာ အခြေစိုက်တယ်။ ဒီကံတွေကြောင့် မြတ်စွာဘုရားရဲ့ကျော်စော သတင်းတွေက မဆံ့ ဘ၀ဂ်ပြန့်နှံ့ပြီးတော့တက်သွားတယ်။ ဒီတော့ ဒီနေ့ လူ့လောကကြီးမှာ နာမည်ကြီးနေ တယ်။ ဒင်းကတော့ နာမည်ကြီးမှာပေါ့ဆိုပြီးတော့ လိုက်ပြီး ပေးငေါ့နေဖို့လိုသေးလား? မလိုပါဘူး။ သူက နာမည်ကြီးလောက်တဲ့ ကံတွေကိုပြုစုပျီုးထောင်ခဲ့တယ်။ နာမည်ကြီးလောက်တဲ့ ကံတွေကိုပြုစုပျီုးထောင် ခဲ့တဲ့ အတွက် သူများချီးမွမ်းခံရတာကို မိမိက မနာလိုဝန်တိုဖြစ်ခဲ့ရင် မိမိမှာ အကုလိုလ်တိုးပွားနေတာပဲ မိမိကကြီးပွား ချမ်းသာချင်တယ်ဆိုရင် ကြီးပွားချမ်းသာနိုင်လောက်တဲ့ စိတ်နေစိတ်ထား ပြုမူပြောဆိုလုပ်ကိုင်မှုတွေရှိနေဖို့လို အပ်ပါတယ်။

မော်လမြိုင် ဖားအောက်တောရဆရာတော်ဘုရားကြီးမိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၁၀)

| | 0 comments


၂၄။ ကျင့်ရိုးအရှိ လမ်းမှန်သိလော
          သတ္တ၀ါတွေအပေါ်မှာ ကြင်နာသနားတတ်တဲ့စိတ်ထားက သိပ်မွန်မြတ်တယ် သတ္တ၀ါတွေရဲ့အကျီုးစီး ပွားကိုအမြဲတမ်းလိုလားတောင့်တနေတဲ့ ဒီစိတ်ထားဟာ ကောင်းပါတယ်။
          ချမ်းသာကြပါစေ၊ ကောင်းရာ သုဂတိရောက်ကြပါစေ။ နိဗ္ဗာန်ရောက်ကြပါစေ။ဒီစိတ်ထားမျိုးဟာ သိပ် ကောင်းတဲ့ စိတ်ထားပါ။ ခဏ ခေတ္တတစ်ဦးနဲ့တစ်ဦး ဆုံကြတယ်၊ ကြုံကြတယ်၊ တွေ့ဆုံကြတယ်။ တွေ့ကြုံ ဆုံနေခိုက် သတ္တ၀ါအချင်းချင်း ချမ်းသာစေလိုတဲ့ စိတ်ထားအမြဲရှိကြမယ်ဆိုရင် အန္တရာယ်ဆိုတာ မပေါ်နိုင်တော့ ဘူး။ သိပ်ကောင်းတယ်။
          သူတစ်ပါးတို့ကို ချမ်းသာစေလိုတဲ့ ကြီးပွားစေလိုတဲ့ ဒီစိတ်ထားက မိမိချမ်းသာဖို့ ကြီးပွားဖို့အကြောင်း တစ်ခုဖြစ်နေတယ်။
          သူတစ်ပါးတွေကိုကြင်နာသနားတဲ့ စိတ်ထားက မိမိကြင်နာသနားမဲ့သူတွေ ပေါများလာအောင် မိမိ အကျိုးစီးပွားတွေကို မပျက်ဆီးအောင် အစဉ်သနားစောင့်ရှောက်ပေးမဲ့သူတော်ကောင်းတွေ ပေါများလာအောင် တည်ထောင်ဖန်းတီးပေးတယ်။ အထောက်အပံ့တွေပေးတယ်။

၂၅။ ကံတို့၏ အကျိုးပေးဟန်
          ဒါနပြုတာချင်းတူတယ်ထား ပါဏာတိပါတကံကို မလွန်ကျူးတဲ့ ပုဂ္ဂိုလ်ရဲ့ ဒါနနှင့် ပါဏာတိပါတကံကို မလွန်ကျူးတဲ့ ပုဂ္ဂိုလ်ရဲ့ ဒါန၊ ဒီနှစ်ခု တိုင်းတာ နှိုင်းစာကြည့်လိုက်ရင် ပါဏာတိပါတကံကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်ရဲ့ ဒါနသည် အဆင့်မမြင့်ဘူး၊ ကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့ အကျိုးကိုမပေးနိုင်ဘူးတဲ့နော် . . . . . . . ..   ဟို ဒါနူပပတ္တိသုတ္တန်မှာ ဘုရားဟောထားပါတယ်။
          သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့ ကုသိုလ်ကံနှင့် သီလမရှိတဲ့ ပုဂ္ဂုရဲ့ ကုသိုလ်ကံသည် တူညီတဲ့အကျိုး မရှိပါဘူး။

မော်လမြိုင် ဖားအောက်တောရဆရာဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၉)

| | 0 comments


၂၂။ အစွဲမပြုတ်လျှင် ကမ္မဋ္ဌာန်းမဟုတ်
               
ငါ့ဟာလို့စွဲနေတဲ့အစွဲက တဏှာစွဲ၊
ငါငါလို့စွဲနေတဲ့ အစွဲက မာနစွဲ။
ငါ့ရဲ့အတ္တပဲလို့ စွဲနေတဲ့အစွဲက ဒိဋ္ဌိစွဲ။
ဒီအစွဲ(၃)ခု ဘာကြောင့်ဖြစ်ပေါ်လာရသလဲ လို့ အခြေခံအကြောင်းရင်းကိုဆန်းစစ်ကြည့်လိုက်တော့ ဘာတွေ့ လည်း? အ၀ိဇ္ဇာပဲ အ၀ိဇ္ဇာနီဝရဏတရားက ပိတ်ဖုံးတားဆီးထားတယ်။
          ဒါက ရုပ်တရားအစုအပုံ၊ ဒါက နာမ်တရားအစုအပုံ လို့မသိဘူး။ အကြောင်းတရားအစုအပုံ၊ အကျီုးတ ရား အစုအပုံလို့မသိဘူး။ အနိစ္စတရားအစုအပုံ၊ ဒုက္ခတရားအစုအပုံ၊ အနတ္တတရားအစုအပုံတွေပဲလို့လည်းမသိ ဘူး။ အသိတဲ့အတွက် ဘယ်လိုသိနေသလဲဆိုတော့ ယောက်ျား/မိန်းမ/လူ/နတ်/သား/သမီးလို့သိနေတယ်။ အဲဒီ အသိမှားနေတဲ့ အ၀ိဇ္ဇာက ပိတ်ဖုံးထားတဲ့အတွက်ကြောင့် သတ္တ၀ါတွေသည် ဒီယောက်ျား မိန်းမပုဂ္ဂိုလ် သတ္တ၀ါ အချင်းချင်း လူနတ်ဗြဟ္မာအချင်းချင်းတစ်ဦးနဲ့တစ်ဥိးတွယ်တာတပ်မက်တဲ့ ဓာတ်တွေကိန်းဝပ်ပြီး မလာဘူးလား? လာတယ်။
          မိမိရဲ့ရုပ်နာမ်သန္တာန်အစဉ်ပေါ်မှာလဲ ကိန်းဝပ်တွယ်တာတပ်မက်မှုဓာတ်တွေ ကိန်းဝပ်လာတယ်။ သူတစ်ပါးရဲ့ ရုပ်နာမ်သန္တာန်အစဉ်ပေါ်မှာလဲ လှမ်းပြီးတွယ်တာတပ်မက်မှုမရှိဘူးလား? ရှိနေတယ်။
          တွယ်တာတပ်မက်မှုဓာတ်တွေသိပ်ပြီးပြင်းထန်လာပြီဆိုရင်တော့ ဘာဖြစ်တတ်သလဲ?ကြောက်ဖို့  သိပ် ကောင်းတယ်။

၂၃။ မည်သိဘ၀မျိုးကို ရွေးချယ် အလှဆင်မှာလဲ?
          ဒီနေ့တရားနာနေတဲ့ ပရိသတ်တွေ ရွေးချယ်ခွင့်ရှိကြပါတယ်။ သို့သော် ဘ၀ဆိုတာ ကောင်းတယ်လို့ ဘုန်းကြီးပြောနေတာတော့မဟုတ်ဘူး။ သံသရာခရီးကို မိမိက ဆုံးအောင်မလုပ်နိုင်သေးလို့ ဘ၀တစ်ခုခုကို လက်ခံရမယ်ဆိုရင် မိမိက ဘယ်လိုဘ၀မျီုးကို အလိုရှိသလဲ အလိုရှိတဲ့ဘ၀ကိုရောက်ရာရောက်ကြောင်းကံတွေ ကို ဒီအချိန်အခါမှာ ပြုစုပျီုးထောင်နိုင်ခွင့်ရှိနေတဲ့ အချိန်အခါဖြစ်တယ်ဆိုတာကိုအသိပေးနေခြင်းဖြစ်ပါတယ်။ ဒီအချိန်အခါမှာ မိမိတို့က ဘယ်လိုဘ၀မျီုးကို အလိုရှိတယ်ဆိုရင် ဘယ်လိုကံမျိုးကိုပြုစုပျီုးထောင်ရမယ်ဆိုတာ ကိုသဘောပေါက်ဖို့လိုတယ်။
          သို့သော် ကျကျနနရွေးချယ်တတ်ဖို့တော့လိုတယ်။ မရွေးချယ်တတ်ဘဲနဲ့ အမှတ်တမဲ့ ကံတစ်ခုကိုပြုလုပ် လိုက်လို့ ဒီကံတွေက ကံအရာတည်သွားလို့ရှိရှင် နောင်တစ်ချိန်အကျီုးပေးတော့မယ်။ အကျီုးပေးတဲ့ အချိန်အခါ ကျတော့မှ မိမိက ဒီကံမျီုး ဒီအကျီုးမျီုး ဒီကံကြောင့်ဖြစ်ပေါ်လာတဲ့ ဒီအကျီုးတရားမျီုးကို အလိုမရှိပါဘူးလို့ ထိုင် ပြီး ငိုနေသော်လည်း ရဦးမလား? မရတော့ဘူး အချိန်က လွန်သွားပြီ။

မော်လမြိုင် ဖားအောက်တောရဆရာဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၈)

| | 0 comments


၂၀။ ကံတွေကို ကျွမ်းကျင်အောင် ကြိုးစားကြစမ်းပါ။
         
 ဘုရားရှင်ရဲ့ တရားတော်အရ ရုပ်လှခြင်း မလှခြင်းဟာ ဘာကိုအခြေခံနေသလဲ? မေတ္တာကိုအခြေခံ တယ်၊ ဒေါသကိုအခြေခံတယ်။ ဒေါသကြီးနေတဲ့ ပုဂ္ဂိုလ်သည်ရောက်လေရာ ဘ၀မှာ လှသလား? မလှဘူးလား? မလှဘူး။ မေတ္တာအားကောင်းနေတဲ့ သူတော်ကောင်းမှန်ခဲ့ရင်  ရောက်လေရာဘ၀မှာ ဘာဖြစ်မလဲ? ရုပ်အဆင်း လှတယ်။ ဒီတော့ အလှပြင်ဆိုင်တွေ သွားနေဖို့လိုသေးလား? မလိုတော့ဘူး။ ဆံပင်ဆိုင်သွားပြီးတော့ ဆံပင် တွေ ကောက်နေဖို့လဲ မလိုတော့ပါဘူး။
          ဆံပင်ကောက်တာနဲ့ပတ်သက်ပြီး ဘုန်းကြီးစိတ်ထဲမှာ မကောင်းတာလေးတစ်ခုတော့ရှိတယ်၊ တစ်ချိန် တုန်းက ဒီမှာ ကပ္ပိယဖြစ်သွားတဲ့ ဒကာသိန်းဟန်ကို ဘုန်းကြီးက စာအုပ်ကပ်ဖို့ တမာစေးတောင်းခံဖူးတယ်။ သူက တမာစေးမလှူဘူး။ ဘယ်လောက်ထိကြာသွားသလဲ ဆိုတော့ တစ်နှစ်နီးပါးကြာသွားတယ်၊ ဘာဖြစ်လို့ ပါလိမ့်လို့ စိတ်ထဲက စဉ်းစားနေမိတယ်၊ ကပ္ပိယ ဆိုတာက ခဏခဏတောင်းရင်လည်း စိတ်ကတစ်မျိုးထင်မှာ စိုးလို့ ဘုန်းကြီးကလည်း မပြောမိဘူး။ သူကလ မေ့တာလည်းအကြောင်းရှိတယ်၊ ရှားပါးတာလဲ အကြောင်း တယ်။ ဒါနဲ့ တစ်နေ့တော့ တမာစေးတွေရောက်လာတယ်။ ရောက်လာတဲ့အခါကြတော့ ဘုန်းကြီးက မေးကြည့် တယ်၊ ဘာဖြစ်လို့ ဒီလောက်တောင်ကြာရသလဲ? လို့ သူ့ကိုမေးတော့ သူက ဆရာတော် တမာစေးက သိပ်ရှား နေတယ်တဲ့၊ ဘာဖြစ်လို့ရှားနေရသလဲ လို့မေးတော့ အရှင်ဘုရား ဆံပင်ကောက်ဆိုင်တွေက ဒီတမာစေးကို သိပ် သုံးကြတယ်။ ဒီစကားကို ဘုန်းကြီးကလည်း မကြားဖူးဘူး သူပြောမှကြားဖူးတယ်။
          ဆံပင်ကောက်တာနဲ့ တမာစေး ဘာဆိုင်သလဲ? အင်မတန် ဆိုင်နေတယ်တဲ့ ဘယ်လိုဆိုင်နေသလဲဆို တော့ ဆံပင်ကောက်ခါနီးမှာ တမာစေးကိုကော်ဖြစ်အောင် ရေဖျော်ပြီး အဲဒီတမာစေးကော်နဲ့ ဆံပင်ကို လိုတဲ့ပုံ ဖန်တီးလို့ရတယ်။ အဲဒီအခါကြတော့မှ ဘုန်းကြီးက စိတ်မကောင်းဘူး စာအုပ်ကပ်မဲ့ ကော်တွေတော့ ဆံပင်တွေ ပေါ်ရောက်ကုန်ပြီ လို့ သဘောပေါက်ပြီး စိတ်မကောင်းဖြစ်သွားမိတယ်။
          ဘုန်းကြီးတို့ စာအုပ်ကပ်မဲ့ကော်တွေက ဆံပင်တွေပေါ်ရောက်သွားတဲ့အခါကြတော့ စာအုပ်တွေကို ကော် ကောင်းကောင်းသုံးလို့မရဖြစ်နေတယ်။
          ဒီတော့ ခု မြတ်စွာဘုရားရဲ့အလှပြင်တဲ့နည်းစနစ် တစ်ခုကတော့ အဲဒီလို ဆံပင်ကို တမာစေးလိမ်းပြီး တော့ အလှပြင်နေဖို့လိုသေးလား? မလိုပါဘူး။ ကြိုက်တဲ့ဆု တောင်းရင် မရနိုင်ဘူးလား? ရနိုင်ပါတယ်။

၂၁။   သူ့ဂုဏ်ကိုနှိမ့်၊
ကိုယ့်ဂုဏ်နိမ့်၏။
သူ့ဂုဏ်ကိုမြောက်
ကိုယ့်ဂုဏ်မြောက်၏။
          သူကလည်း သူ့ကံအားလျော်စွာ သူ့စီးပွားရေးအခွင့်အလမ်းတွေဖြောင့်တန်းပြီးတော့ ချမ်းသာနေတယ်။ အဲဒါကို မိမိကထိုင်ပြီးတော့ မကြည်ဖြူနိုင်ဘူး မနာလိုနိုင်ဘူး ဟိုလူ့ သွားတို့ ဒီလူ့သွားတို့      ဟိုနေရာသွားတိုင် လိုက် ဒီနေရာသွားတို့လိုက်လုပ်ပြန်တယ်။
          တို့လိုက်တဲ့အခါကြတော့ အဲဒီကံလေးတွေက ခုလို ဘ၀မှာလာပြီး အကျိုးပေးတာပဲ မိမိနားမှာပြုစုမဲ့ ပုဂ္ဂုလ်တစ်ယောက်မှမရှိဘူး။ အနားကပ်ပြီးနေချင်တဲ့ ပုဂ္ဂိုလ်လည်းတစ်ယောက်မှာ မရှိဘူး။
          ဘုန်းကံနည်းပါးရခြင်းသည် ဘာကိုအခြေခံသလဲ? ငြူစူစောင်းမြောင်းတဲ့စိတ်ထားကိုအခြေခံတယ်။ ငြူစူစောင်းမြောင်းတဲ့စိတ်ထားကိုမွေးမြူခြင်းသည် အခြွေအရံနည်းပါးစေတတ်တဲ့ ကျင့်ဝတ်ကိုကျင့်နေခြင်းပဲ ဖြစ်တယ်ဆိုတာကိုသဘောပေါက်ပါ။
          သူတစ်ပါးတွေမှာ အခြွေအရံများပြားနေတာကိုမကြည့်လိုတဲ့ စိတ်ထားက မိမိအခြွေအရံနည်းပါးဖို့ရန် အကြောင်းတစ်ခုဖြစ်တယ်။ သူတစ်ပါးအရိုအသေ အလေးအစားခံရမှု အမြတ်နိုးခံရမှု အပူဇော်ခံရမှုကို အကြည့်လိုတဲ့စိတ်ထားက မိမိကိုလည်း ရိုသေလေးစား မည့်သူ မြတ်မြတ်နိုးနိုးပြုစုလုပ်ကျွေးမည့်သူ မရှိဖို့ရန် အကြောင်းတစ်ခုဖြစ်တယ်။ စိတ်ထားမတတ်လို့ရတဲ့အကျိုးတရားဖြစ်ပါတယ်။
          သူလည်းသူ့ကံကြောင့် ဘုန်းကံကြီးမားရတယ်၊ အခြွေအရံတွေများပြားရတယ်။ ငါလည်းငါ့ကံကြောင့် အခြွေအရံနည်းပါးရတယ်။ များပြားရတယ်။
          ဒီလို ကံ ကံ၏အကျိုးတရားကိုနှလုံးသွင်းတယ် ပိုက်ဆံ ဘယ်နှစ်ပြားကုန်သလဲ? တစ်ပြားမှမကုန်ဘူး။ စိတ်ဓာတ်ကိုပြုပြင်ပြောင်းလဲလိုက်တဲ့အတွက် ဘ၀အဆင့်အတန်းတွေ မြင့်မသွားဘူးလား? မြင့်သွားတယ်။